/* Kp3bloglist Style */ #BlogList1 .widget-content { height: 200px; overflow: auto; }
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

မိမိကြိုက်နှစ်သက်ရာ ဆိုဒ် နောက်ခံ အရောင်ပြောင်းပြီးကြည့်နိုင်ပါတယ်

June 8, 2012

 မိုးခေါ်ပွဲ

AddThis Social Bookmark Button
''မိုး .. မိုး . . . မိုးလားမောင်တို့၊ ဟုတ်ပါတယ်ဗျို့ မိုးပါဗျို့ . . . လေ လေ လေလားမောင်တို့၊ လေမဟုတ်ဘူး မိုးပါဗျို့ . . . မိုးရွာတော့မယ် သေချာပြီ၊ ကိုကိုညီညီနိုင်တဲ့ လွန်ပွဲ . . . မျက်နှာငယ်လေးနဲ့ သနားစရာ၊ ထားကညာရေ မငိုလိုက်ပါနဲ့ . . .။ နှုတ်ခန်းစူနဲ့ မူယာဆင်၊ မြင်ရသူမှာ စိတ်မချမ်းသာဘူး . . .။ ဒူးထောက် ရှိခိုးအသနားခံ၊ ဆောရီးပါကွယ် ပြန်လိုက်ကြဦး . . .''ဟု လူကြီး၊ လူငယ် အမျိုးသားတစ်စု၏ မိုးခေါ်လွန်ဆွဲ သံချပ်ဟစ်သံက ဗျောအဖွဲ့မှ ဆိုင်းသံ၊ ဗုံသံများနှင့်အတူ ပုသိမ်ကြီးမြို့နယ်၊ မြို့မရပ်ကွက်လမ်းတစ်လျှောက် စည်းချက်ညီညီ ပျံ့လွင့်လို့ နေလေသည်။
အရှည်ပေ ၃၆၀ ကျော် ငါးမတ်လုံး သုံးပင်လိမ်ထားသည့် ဂုန်နီကြိုးရှည်ကြီးကို ကလေး၊ လူငယ်၊ လူကြီး အရွယ်စုံပါဝင်သည့် အမျိုးသမီးများက တစ်ဖက်၊ အမျိုးသားများကတစ်ဖက် မျက်နှာချင်းဆိုင်ကိုင်ထားကြသည်က ရောမခေတ် ရုပ်ရှင်ဇာတ်လမ်းတွဲများမှ တစ်နိုင်ငံနှင့်တစ်နိုင်ငံ စစ်ပွဲများ မတိုက်ခိုက်မီ စစ်သူကြီး အမိန့်ကို စောင့်ဆိုင်းနေသည့် စစ်သည်တော်တွေအလား အားမာန်အပြည့်ရှိလှသည်။ မကြာမီ အမျိုးသားနှင့် အမျိုးသမီး အားချင်းပြိုင်သည့် မိုးခေါ် လွန်ဆွဲပြိုင်ပွဲကြီး၏ ဒိုင်လူကြီးဖြစ်သူက သာသနာ့အလံတော်ကို တလွင့်လွင့် ကိုင်မြှောက်ကာ တစ် . . . နှစ် . . . သုံး . . .တိုင်ပင်ပေးခေါ်သံနှင့်အတူ တစ်ဖက်တစ်ချက်တွင်ရှိသည့် အချက်ပေး မောင်းတီးခတ်သူကလည်း အတိုင်ပင်အတိုင်း ဒူ . . .ဒူ . . .ဒူ . . .ဟု တီးခတ်လိုက်သည်နှင့်တစ်ပြိုင်နက် ဂုန်နီကြိုးကို ကိုင်ဆွဲထားကြသည့် လူအုပ်ကြီးမှာ ဘယ်ယိမ်း၊ ညာနွှဲ့၊ မညီမညာကွေ့ ကောက်လွန်းထိုး အားပြိုင်နေခြင်းက နဂါးကြီးတစ်ကောင် ဖုန်ထူထူထဲမှာ လူးလွန့်နေသည့်အလား .  .  .
ပထမအကြိမ် မိုးခေါ်လွန်ဆွဲပြိုင်ပွဲတွင် အမျိုးသားများဘက်မှ အနိုင်ရရှိလိုက်ကြရာ အော်ဟစ်ကခုန် မြူးတူးပျော်ရွှင်နေကြသည်က ဘေးနားတွင် ၀င်ရောက်ဆင်နွှဲခြင်းမရှိသေးသည့် ပရိသတ်အပေါင်းကို အားမလိုအားမရ ဖြစ်ပေါ်စေသည်။ ဒုတိယအကြိမ် မစတင်မီ အမျိုးသားများက လက်ကျန် သံချပ်စာပုဒ်ကို တစ်ကျော့ပြန် အောင်နိုင်ရေးအတွက် ထပ်မံအော်ဟစ်တိုင်ပြန်လေရာ ''ကြက်မတွန်လို့ လင်းမယ်ဆို၊ လမင်းကြီးကို သနားပါရဲ့ . . . မိုးခေါင်ကျော်စွာ နတ်ဒေ၀ါ၊ ယောက်ျားနတ်ပါ ခင်ခင်လေးရဲ့ . . . ယဉ်ကျေးသူလေး သနားစရာ၊ လက်ဖ၀ါးမှာ သွေးဥနေ မလား . . . မိုးခေါ်တေးကို ဆိုလိုက်ပြီ၊ လက်တွဲညီညီမောင်မယ်ကစို့ . . . မုတ်သုန်မိုးတို့လာချေပြီ၊ ရွတ်ဖတ်ကြပြီ ငါးရံ့မင်းပရိတ်. . . ဟိတ် မိုးလား . . . ဟိတ်ရွာထား၊ တိုင်း ပြည်ငြိမ်းစေသား . . .'' ဟေး . . . ဟေး...ဟေးဆိုသည့် သံပြိုင်အော်ဟစ်သံက အိပ်ပျော်နေသော မိုးနတ် မင်းကြီးကို လှုပ်နိုးလိုက်သလိုပင်။
ဒုတိယအကြိမ် ထပ်မံ၍ အားပြိုင်ကြလေရာ အမျိုးသမီးများဘက်မှ အနိုင်ရရှိသွားခဲ့သဖြင့် အညာဒေသ ရိုးရာဓလေ့ မိုးခေါ်လွန်ဆွဲပွဲတော်ကြီးကို တစ်စတစ်စ အရှိန်ကောင်းလာစေခဲ့သည်။ အမျိုးသမီးများနှင့် အမျိုးသားများ တစ်ဖက်စီ လွန်ဆွဲ အားပြိုင်သည့်ပွဲတွင် မခံချင်အောင် ကလိသည့်၊ ထေ့သည့် သံချပ်စာသားများကလည်း အနီးဝန်းကျင်တွင် အားမလိုအားမရ ရပ်ကြည့်နေသည့် အဘိုး၊ အဘွားများပါမကျန် လွန်ကြိုးကိုင်ကာ ၀င်ရောက် အားစမ်းလာကြသည်က အရေးကြီးလျင် သွေးစည်းသည်ကို မျက်ဝါးထင်ထင်မြင် တွေ့လိုက်ရသည်။ အနိုင်ရရှိလိုက် ကြသည့် အမျိုးသမီးများဘက်ကလည်း အနိုင်မခံ၊ အရှုံးမပေး မခံချင်စိတ်ကို သံချပ်စာသား များဖြင့် ဖွင့်ဟပြန်လေရာ ''ပျော်သလားဟေ့ . . . မယ်တို့ရေ၊ ပျော်တယ်ဟေ့ . . . ပျော်တယ်ဟေ့၊ မိုးခေါ်ပွဲမို့ လွန်ဆွဲတာ . . . အသဲမမာရင် အိမ်မှာနေကြ၊ မိန်းမအားမာန် မိုးသို့ညံ . . . ဂန်ဒူး ဟန်တွေရှက်လိုက်ကြဟေ့၊ ကမ္ဘာရွာ ကြီးဖြစ်နေပြီ. . . မိန်းမယောက်ျား မခွဲခြားတော့ဘူး၊ ပုသိမ်ကြီးက အ ပျိုတွေ . . . ကိုကိုရေလို့မချွဲတတ် ဘူးနော့၊ ဖားအော်သံလား မိုးသံလား ဟေ့ . . . ချုန်းခြိမ့်ညံတာ ငါတို့နိုင်လို့၊ ဟိုကောင်လေးတွေရှက်စရာ . . . နားကပ်ပန်ကာ ကနွှဲ့ကလျ၊ ပဲမများနဲ့ မောင်တို့ရေ... ဟိုချောင်ဘေးမှာ အိပ်နေလိုက်တော့...''စသည့် စာသားများဖြင့် အမျိုးသားများအား ကလိတိတိ၊ ရိတိတိနှင့် ထေ့လေရာ အမျိုးသားအများစုမှာ မခံချင်စိတ်ဖြင့် ပုဆိုးကို ခါးတောင်းကျိုက်၊ အင်္ကျီလက်သားမတင်သည့်အနေအထား ဖြစ်ကုန်ကြတော့သည်။
လွန်ဆွဲပွဲတွင် ၀င်ရောက်ဆင်နွှဲသူ အသက် ၇၈ နှစ်အရွယ် အဖွားဒေါ်တင်လှက ''ကျင်းပဖြစ်တဲ့နှစ်တွေတိုင်း ၀င်မပြိုင်ပဲ မနေနိုင်အောင် ဖြစ်ရတယ်။ အိုးစည်ဒိုးပတ်သံကြားရင်ကို ကခုန်ချင်နေတာ။ အဖွားတို့ အမျိုးသမီး အဖွဲ့နိုင်တော့ ပြောမပြတတ်အောင် ပျော်တယ်။ ရိုးရာဓလေ့ ပျော်ရွှင်စရာ ကောင်းပေမဲ့ ရာသီဥတု အရမ်းပူပြီး မိုးခေါင်ရေရှား အခြေအနေနဲ့ ကြုံတွေ့လာရလို့ ဒီလိုပွဲမျိုး နှစ်စဉ် မကျင်းပဖြစ်ပါစေနဲ့လို့ ဆုတောင်းမိတယ်''ဟု ပြောကြားပါသည်။ အသက် ၆၅ နှစ်အရွယ် ဒေါ်သန်းစိန်ကလည်း ''သူများတွေ ၀င်ဆွဲနေတာမြင်တော့ အဘွားလည်း မနေနိုင်တော့ ၀င်ဆွဲဖြစ်ရင်း ခြေသန်းခြေသည်းခွံတောင် လန်သွားတယ်။ ဒါပေမဲ့ နိုင်ချင်ဇောနဲ့ ဆက်ဆွဲခဲ့တယ်။ နိုင်တော့ ကတောင်ကမိသေးတယ်။ ကိုယ့်ကိုယ်ကိုယ် အသက် ၂၀ လောက် ငယ်သွားတယ်လို့တောင် ထင်ရတယ်''ဟု လွန်ဆွဲပြိုင်ပွဲ၏ အတွေ့အကြုံကို ဖွင့်ဟ ပြောကြားခဲ့လေသည်။
ယခုကဲ့သို့ ဘုရားလောင်းငါးရံ့မင်း ပူဇော်ခြင်း၊ လယ်တီဆရာတော်ကြီး၏ မိုးကမ္မ၀ါစာရွတ်ဖတ် ပူဇော်ခြင်းနှင့် မိုးခေါ်လွန်ဆွဲပွဲများကို ပုဂံပြည့်ရှင် အလောင်းစည်သူမင်းကြီး၏ သားတော်ကြီး အောင်ပင်လယ်မြို့စားမင်း ရှင်စောလက်ထက်ကတည်းမှ မိုးခေါင်ရေရှားဖြစ်သည့်အခါ သံဃာတော်များ ပင့်ဖိတ်ပြီး ငါးရံမင်း ပရိတ်ရွတ်ဖတ်ခြင်းဖြင့် မိုးသုံးပါး မျှတရွာသွန်းစေခဲ့သည်ကို အကြောင်းပြုကာ ယနေ့အချိန်အထိ အစဉ်အလာမပျက် ကျင်းပခဲ့ခြင်းဖြစ်သည်ဟု ငါးရံ့မင်းရုပ်တုများထားရှိရာ ရန်ကင်းတောင်ခြေရှိ ပန်းပေါင်းမုနိ ရုပ်ရှင်တော်ဘုရား သီတင်းသုံးတော်မူရာ စစ်ကိုင်းတောင်ကျောင်းတိုက် ဆရာတော် ဦးဝေပုလ္လက ရှင်းလင်းမိန့်ကြားပါသည်။
''မိုးရာသီရောက်တဲ့အထိ မိုးမရွာသေးဘူဆိုရင် ငါးရံ့မင်းရုပ်များကို ပင့်ဆောင်၊ ငါးရံ့မင်းပရိတ်တော်များကို ရွတ်ဖတ်ပြီး မြို့တွင်း၊ ရပ်ကွက်တွေမှာ လှည့်လည် အပူဇော်ခံကြတယ်။ ပခုက္ကူနယ်ဘက်မှာဆိုရင် ထန်းရွက်နဲ့ ငါးပုံစံမံပြီး ရေကန်ထဲကိုချ၊ ဘေးကနေ သံဃာတော်တွေက ၀ိုင်းပြီး ငါးရံ့မင်းပရိတ် ရွတ်ပေးကြရတယ်။ ၂၀၀၉၊ ၂၀၁၀ ခုနှစ်ဝန်းကျင်တုန်းကဆိုရင် အခုလို ရာသီဥတု အရမ်းပူပြင်းပြီး မိုးခေါင်ရေရှားဖြစ်တုန်းက ပုဂံညောင်ဦး၊ ပုပ္ပါး၊ မြင်းခြံ၊ တောင်သားနဲ့ နေပြည်တော်အထိကို ဒေသခံတွေက ပင့်ဖိတ်လို့ ငါးရံမင်းသုံးဆူကို ကားပေါ်တင်ပြီး ဒေသစာရီ ကြွချီခဲ့ဖူးသေးတယ်။ အဲ့ဒီမှာ အတွေ့အကြုံတစ်ခုက ပခုက္ကူနဲ့ကံမကြားမှာရှိတဲ့ ညောင်နီပင် ကျေးရွာကိုအသွားမှာ ငါးရံ့မင်းပရိတ်ရွတ်လေ ပူလေ၊ ရွတ်လေ ပူလေနဲ့ ကားအောက်ကိုပဲ မီးတောက်မီးလျံတွေများ လိုက်လာသလား အောက်မေ့ရတယ်။ ရွာကိုလည်း ရောက်တော့မယ် မိုးကလည်း မရွာသေးဘူး။ ထေရ်ကြီး၊ ၀ါကြီးဆရာတော်ကြီးတွေ အများအပြားလည်း ပါတယ်။ လုပ်ဆောင်ချက်တွေ ဘာများမှာသလဲလို့ စိတ်ထဲမှာ တွေးနေတုန်း ရွာနားလည်း ရောက်ခါနီးနေပြီ။ သဲချောင်းကို ရှေ့ကငါးရံ့မင်းမပါတဲ့ကားက ဖြတ်သွားတယ်။ အဲ့ဒီအချိန်မှာပဲ ချက်ချင်းကြီးဆိုသလို ကောင်းကင်မှာ မိုးတွေအုံတက်လာပြီး သဲကြီး၊ မဲကြီးကို ရွာချတော့တာပဲ။ အတွေ့အကြုံအရဆိုရင် ငါးရံ့မင်း ပင့်ဖိတ်ရွတ်ဖတ်စတင်ပူဇော်ချိန် ရှေ့ခုနစ်ရက်နဲ့ ပူဇော်ပြီးနောက် ခုနစ်ရက်အတွင်းမှာ မိုးရွာသွန်းလေ့ရှိတယ်။ နောက်ခုနစ်ရက်ကတော့ ကြုံတွေ့ရ နည်းပါတယ်။ ငါးရံ့မင်း ပင့်ဆောင်ပူဇော်ရေးနဲ့ မိုးခေါ်လွန်ဆွဲ အကျိုးတော်ဆောင်ပုဂ္ဂိုလ်တွေအနေနဲ့လည်း ပင့်ဆောင်ပူဇော် တဲ့ ရက်အတွင်းမှာ ငါးပါးသီလ စောင့်ထိန်းပြီးသား၊ ငါးစားခြင်းတွေကို ရှောင်ကြဉ်နိုင်မှ အကျိုးသက်ရောက်စေတယ်။ 'ကတိသစ္စာ၊ တည်သောအခါဝယ်၊ နွယ်မြက်သစ်ပင်၊ ဆေးဖက်ဝင်၏' ဆိုရိုးစကားအတိုင်း ဒီနေရာမှာ တော့ 'သီလသမာဓိ၊ ရှိဘိသစ္စာ၊ ပြည့်စုံပါမှု၊ သဘာဝကို၊ လိုသလိုညွှန်း'နိုင်သည်ဟု ငါးရံ့မင်းရုပ်တုများ ထားရှိရာ ရန်ကင်းတောင်ခြေရှိ ပန်းပေါင်းမုနိ ရုပ်ရှင်တော်ဘုရား သီတင်းသုံးတော်မူရာ စစ်ကိုင်းတောင်ကျောင်းတိုက် ဆရာတော် ဦးဝေပုလ္လက ရှင်းလင်းမိန့်ကြားလေရာ သမိုင်းအစဉ်အလာ ကြီးမြတ်ခြင်းနှင့်အတူ ရိုးရာဓလေ့အယူဆများနှင့် လူသားတို့၏ ဆက်နွှယ်မှုက ကြီးမားလေစွဟု စိတ်ထဲမှာတွေးနေမိသည်။
ဗုဒ္ဓဘာသာမြန်မာတို့၏ ကိုးကွယ်ယုံကြည်မှုတွင် ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးသည်သာလျှင် အမြတ်ဆုံး သုံးဆူဖြစ်ပါလေ၏။ သမိုင်းခေတ် ကာလတစ်လျှောက်လုံး ဖြတ်သန်းမှုတွင် သဘာဝဘေးအန္တရာယ် များနှင့် တွေ့ကြုံရလေတိုင်း ဆင်းရဲပယ်ဖျောက်ချမ်းသာ ရောက်စေတတ်သည့် ရတနာသုံးပါးကိုသာလျှင် ဘိုးဘေးအစဉ်အဆက် ဆည်းကပ်ကိုးကွယ် အားထားခဲ့ကြလေသည်။ ရှေးရှေးပညာရှိ သူတော်ကောင်းတို့၏ ထုံးကိုနှလုံးမူ၍ နိုင်ငံသူ၊ နိုင်ငံသားများ ကြုံတွေ့နေရသော မိုးခေါင်၊ ရေရှား အပူဒဏ်လွန်ကဲခြင်းမှ ကင်းစင် လွတ်မြောက်စေရန် သံဃာတော် အရှင်သူမြတ်များ၏ သြ၀ါဒကိုခံယူလျက် ဘုရားအလောင်းတော် ငါးရံ့မင်း ပင့်ဆောင်ခြင်းနှင့် ငါးရံ့မင်းပရိတ် ရွတ်ဖတ်ခြင်း၊ လယ်တီဆရာတော်ကြီး၏ မိုးကမ္မ၀ါ၊ မိုးအမိန့်တော်ပြန်တမ်း ရွတ်ဖတ်ပူဇော်ခြင်း၊ မိုးခေါ်လွန်ဆွဲပွဲ ကျင်းပခြင်းနှင့်ပတ်သက်၍ အကျိုးတော်ဆောင် အဖွဲ့ဝင်တစ်ဦး ကလည်း''မနှစ်ကတော့ မိုးရွာလိုက်လို့ မလုပ်ဖြစ်လိုက်ဘူး။ ဒီတစ်ကြိမ်နဲ့ဆိုရင် ပုသိမ်ကြီးမြို့နယ် မြို့မရပ်ကွက်မှာ လုပ်ဖြစ်တာ ငါးကြိမ်မြောက် ရှိပြီ။ ဒီနှစ် ရာသီဥတု အရမ်းပူပြီး မိုးခေါင်ရေရှား ကြုံတွေ့ရမှုက ရက်ရှည် လာတော့ စိုက်ပျိုးထားတဲ့ သီးနှံတွေနဲ့ သက်ရှိသတ္တ၀ါတွေအားလုံး ပူပြင်းခြောက်သွေ့တာကို ခံစားနေရတဲ့အတွက် အခုလို ရိုးရာဓလေ့ပွဲလေးကို စီစဉ်လုပ်ဖြစ်တာပါ။ ဒီပွဲကို ပုသိမ်ကြီးမြို့ပေါ်မှာရှိတဲ့  မြရတနာ၊ မြ၀တီ၊ အောင်သိဒ္ဓိ၊ သီရိရတနာနဲ့ အောင်သုခ ရပ်ကွက်တွေအပြင် အနီးဝန်ကျင်မှာရှိတဲ့ ဇီးချိုကုန်း၊ သစ်ချိုကုန်း၊ ညောင်ပင်သာ၊ ပုသိမ်လေးရွာ၊ ပုဏ္ဏားကုန်း၊ ကြည်ကုန်း၊ မိုင်ကုန်း၊ တဲကုန်း၊ မြို့သာကုန်း စတဲ့ကျေးရွာတွေကလည်း ကျင်းပဖြစ်တဲ့နှစ်တိုင်း လာရောက်ဆင်နွှဲကြတယ်''ဟု ပြောပြလေရာ သူတို့တွေ မျှော်လင့်တောင့်တနေသည့် မိုးစက်တွေ ကမ္ဘာမြေပေါ်သို့ အမြန်ဆုံးဆင်းသက်ရွာပါစေဟု စိတ်ထဲမှာ ဆုတောင်းနေမိသည်။
တဖြည်းဖြည်းနှင့် မိုးခေါ်လွန်ပြိုင်ပွဲကြီးသည် အမျိုးသားများဘက်မှ အနိုင်ရလိုက်၊ အမျိုးသမီးများဘက်မှ အနိုင်ရလိုက်နှင့် တစ်ကြိမ်ပြီး တစ်ကြိမ်ဆင်နွှဲလာခဲ့ကြလေသည်။ မိုးခေါင်ကျော်စွာနတ်မင်းအသွင် ၀တ်ဆင်ထား သည့် ပုဂ္ဂိုလ်သည်ပင်လျှင် ကန်တော့ပွဲကြီးရွက်ကာ ရွက်ကာနှင့် နောက်ဆုံးအကြိမ် ပြိုင်ပွဲအတွက် ပြင်ဆင် စိုင်းပြင်းနေလေတော့သည်။ ကောင်းကင်ကို မော့ကြည့်မိတော့ ရာသီဥတုက တစ်စတစ်စ အုံ့မှိုင်းလို့ လာနေသည်။ မိုသားတိမ်လိပ်တို့ ၀င်ရောက် နေရာယူလာသည်။ မိုးသက်လေအေးများလည်း ချီတက်လာနေသည်ကို ထိတွေ့ ခံစားလိုက်ရသည်။
ငါးရံ့မင်းပရိတ်တရားတော်ကြောင့် မိုးနတ်မင်းကြီး သတိတရားဝင်လာလေသည်လား... မိုးခေါ်လွန်ပွဲကြီးအတွင်းမှ ရဟန်းရှင်လူ၊ ကလေး၊ လူငယ်၊ လူကြီးအရွယ်စုံတို့၏ အော်ဟစ်တိုင်တည် ကြုံးဝါးသံများကြောင့် လန့်နိုးခဲ့လေသလား...။ လွန်ကြိုးကြီးကို ကိုင်ဆွဲထားသည့် ပရိတ် သတ်အပေါင်းသည် နောက်ဆုံးအနေဖြင့် အားပြိုင်လိုက်ကြရာ အမျိုးသမီးများဘက်မှ အနိုင်ရရှိလိုက်သဖြင့် သံချပ်စားသားအချို့ လေထဲ့သို့ ထပ်မံလွင့်ပျံလာခဲ့ရာ''အိမ်ခေါင်းမိုးမှာ မြုံးထောင်မယ်... မိုးရွာတော့မယ် စောင့်မျှော်လိုက်ကြ၊ မိုးခေါင်ကျော်စွာနတ်ဒေ၀ါ... မိုးကမ္မ၀ါစာရွတ် ဖတ်ပါဦး၊ ဗုဒ္ဓမြတ်မော်အလောင်းတော်... ငါးရံ့မင်းခေါ်ပူဇော်ကြစို့...(ဟေ့ မိုးလား... ဟေ့ လေလား...)၊ (ဟေ့ မိုးလား... ဟေ့ လေလား...) မိုးရေရွာတော့တအား...'' ဟု သံပြိုင်အော်ဟစ်သံနှင့်အတူ အမျိုးသမီးများ၏ လက်ခုပ်သံက အနီးဝန်းကျင်ရှိ မန်ကျည်းပင်ထက်မှ အိပ်တန်း ၀င် ဗျိုင်းငှက်တစ်အုပ် အလန့်တကြား ထပျံသွားလေတော့သည်။
Related Posts Plugin for WordPress, Blogger...

ပဲခူးသားလေးဘလော့ မှာလွတ်လပ်စွာရေးသားနိုင်ပါသည်